သူက ကလေးလေးလို ဖြူစင်ရိုးရှင်းတယ်။
အလိုမကျတဲ့အခါ စိတ်ကောက်တတ်တယ်။
ချော့မြူလိုက်တိုင်း ခေါင်းလေးကို မော့ရမ်းလို့ အခါခါ ရယ်တယ်။
သူပျော်နေရင် ကျေနပ်နေမိခဲ့တယ်။ သူတည်နေရင် နေရခက်ခဲ့တယ်။ အမှုမဲ့ အမှတ်မဲ့ နေ့စွဲတိုင်းမှာ အမှတ်တရတွေသာ ရှင်သန်နေစေခဲ့တယ်။ အာဒမ်နဲ့အေဝ မဟုတ်ပေမယ့် နှစ်ဦးသားရဲ့တွေ့ဆုံမှုဟာ (ပန်းသီး)တစ်လုံးက စတင်ခဲ့ကြတယ်။ သူ့ရဲ့အစွဲအလန်းကြီးနိုင်လွန်းမှုကြောင့် ယုံကြည်မှုမဲ့နေသော စိတ်များကြားမှာ ကြိုးစား ရှင်သန်ကူးခတ်ခဲ့ရတယ်။ သူ့ရဲ့ဝန်တိုမှုဆန်ဆန် စကားလုံးတိုင်းကိုလည်း ပျော်ရွှင်စွာရယ်မောလို့ တယုတယလေး နှလုံးအိမ်မှာ သိမ်းဆဲထားခဲ့တယ်။
မျက်ရည်တွေ သီဝေ့နေတဲ့ သူ့ရဲ့ ဝမ်းနည်းမှုတွေကို
အခါခါ ရယ်ရွှင်ဆေးတွေ ဖော်စပ်လို့
အပြုံးတွေ ထည်လဲတပ်ဆင်ပေးဖူးတယ်။
အချိန်အခါရယ်လို့ မရှိပါဘူး။ သန်းခေါင်ကျော်များလည်း ကျွမ်းဝင်ခဲ့တယ်။ သူ့ရဲ့အဆင်မပြေမှုများလည်း နှစ်သိမ့်ပေးခဲ့တယ်။ သူ့ရဲ့အားငယ်မှုများကိုလည်း ဖေးမပေးခဲ့တယ်။ စိတ်ဓာတ်ကျနေတဲ့အခါတိုင်းလည်း မြင့်တင်ပေးခဲ့တယ်။ အနည်မထိုင်သေးတဲ့ ကိစ္စတိုင်းမှာ မှန်ခြင်း၊ မှားခြင်း မဆန်းစစ်ပေးသေးပဲ သူ့ရဲ့သဘောထားအား နားလည်ပေးခဲ့တယ်။ တစ်ကယ်တော့ သူနဲ့အတူ အသံခြင်းနီးတဲ့အခါပဲဖြစ်ဖြစ်၊ စိတ်ခြင်းနီးတဲ့အခါပဲဖြစ်ဖြစ်၊ လူခြင်းနီးတဲ့အခါပဲဖြစ်ဖြစ် နောက်ဆုံး ဘယ်လိုအခါမျိုးမှာပဲဖြစ်ဖြစ် အရာအားလုံးအတွက် ကျေနပ်နေမိတယ်။
သူ့ရဲ့နွှဲ့ဆိုးဆန်ဆန်ပျိုးတဲ့ မိုးတိုင်းကို
သဒ္ဒါဖြူစွာ အဖန်တစ်ရာ ပက်ဖြန်းခံလို့
နေ့တွေ၊ ညတွေဟာလည်း သာယာခဲ့ဖူးတယ်။
(၁၀ခါ)လောက်အလိုလိုက်ရင် (၁ခါ)လောက်တော့ ပြန်အလိုလိုက်မှာပေါ့ဆိုတဲ့ သူရဲ့တစ်ဖက်သတ်ဆန်ဆန် အပြောအဆိုတိုင်းကို နှစ်လိုစွာ ပြုံးလို့ နာခံယူခဲ့တယ်။ သူကအရမ်းဆိုးရင်ကောဆိုတဲ့ အမေးတိုင်းကိုလည်း လက်တွေ့ဆန်ဆန် အပြုအမူများဖြင့်သာ သက်သေထူခဲ့တယ်။ သူဖုန်းဆက်လာတိုင်း ဘယ်အခါမျိုး၊ ဘယ်အခြေအနေမျိုး၊ ဘယ်အချိန်မျိုး ဖြစ်နေပါစေ ဖုန်းမကိုင်မိသောအခါမရှိခဲ့။
(အိပ်နေသောအခါ၊
ရေချိုးနေသောအခါ၊
ခရီးသွားနေသောအခါ၊
ထမင်းစားနေသောအခါ၊
ကားမောင်းနေသောအခါ၊
အိမ်သာတက်နေသောအခါ၊
အရမ်းအလုပ်ရှုပ်နေသောအခါ၊
သူ့အား သတိရနေသောအခါများလည်း ပါဝင်နေခဲ့ပါတယ်) ဒါတွေ သူမသိခဲ့။
နောက်ဆုံး ကြမ္မာဆိုးက ဘယ်လိုမိုးမိုး
မနက်ဖြန်တိုင်းမှာ အတူရှိမနေပေမယ့် သူရှိနေပါတယ်။
ချစ်အက္ခရာတိုင်းမှာ ဆုံမှုမရှိသေးပေမယ့် ဆုံဖို့ရှိနေပါ့မယ်။
ချစ်ခြင်းများအား ကံကြမ္မာစေရာဆိုသော သမရိုးကျအညွှန်းများအောက်မှာ မထားချင်ပါ။ ချစ်ခြင်းတိုင်းလည်း မတူညီနိုင်ပါ။
ရှေ့ဆက်ဖို့ အားအင်တွေ ချိနဲ့နေပေမယ့် ရပ်တန့်ဖို့ မဖြစ်နိုင်သလို မေ့ပစ်နိုင်စွမ်းလည်းမဲ့နေခဲ့ပါတယ်။
နိုးထလာသော မနက်ခင်းတိုင်းက လှပမနေတော့သည့်တိုင်အောင် စွန့်လွှတ်နိုင်စွမ်းမဲ့သော စိတ်များက ပျောက်ဆုံးသွားခဲ့သော ညနေခင်းများထိတိုင်အောင် အကြိမ်ကြိမ်အခါခါ သူ့အား ချည်နှောင်မိနေသေးတယ်။
ကမ္ဘာတစ်ခုစီကနေ မဟုတ်ပေမယ့် နေရာတစ်ခုစီကနေ
အသက်သွင်းကြမယ့် ချစ်ခြင်းတွေဟာ
ဘယ်သောအခါမှ ပျက်ယွင်းသွားမှာ မဟုတ်ဖူးလို့
သူ့အားလည်း ယုံကြည်နေစေချင်ပါတယ်။

No comments:
Post a Comment